National News

အရက်သောက်သူများကို တားမြစ်သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ထိုးကြိတ်ခံရ ကျူးလွန်သူ ဆယ်ဦးကို ဖမ်းဆီးထားပြီ ပုဒ်မငါးခုဖြင့် အမှုဖွင့်ထား

အရက်သောက်သူများကို တားမြစ်သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ထိုးကြိတ်ခံရ ကျူးလွန်သူ ဆယ်ဦးကို ဖမ်းဆီးထားပြီ ပုဒ်မငါးခုဖြင့် အမှုဖွင့်ထား

ကျောက်ဆည်တွင် လူစုဝိုင်းဖွဲ့ကာ အရက်သောက်သူများကို တားမြစ်သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ထိုးကြိတ်ခံရ ကျူးလွန်သူ ဆယ်ဦးကို ဖမ်းဆီးထားပြီး ပုဒ်မငါးခုဖြင့် အမှုဖွင့်ထား

မောင်မင်းမော်၊ ဧပြီ- ၁၅

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တွင် လူစုလူဝေးဖြင့် ဝိုင်းဖွဲ့ကာ အရက်သေစာ သောက်စားခြင်းမပြုရန် သတိပေးတားမြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့

လက်သီးဖြင့် ဝိုင်းဝန်းထိုးကြိတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိမူ ဧပြီ(၁၃)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အရက်သေစာ ဝိုင်းဖွဲ့သောက်စားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ဝိုင်းဝန်းထိုးကြိတ်သည့် အမျိုးသား (၁၀)ဦးကို ဖမ်းဆီးထားပြီး

တာဝန်ဝတ္တရား နှောင့်ယှက်မှု အပါအဝင် ပုဒ်မ (၅)ခုဖြင့် အမှုဖွင့်ထားသည်ဟု ကျောက်ဆည်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက Mandalay In-depth News အား ပြောသည်။

ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်တိုးနှင့်အဖွဲ့သည် ဧပြီ(၁၃)ရက် ညနေပိုင်းက ပတ္တာကျေးရွာအုပ်စု၊ အရှေ့မြင်စိုင်းကျေးရွာတွင် လူစုလူဝေး ပြုလုပ်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ

အဆိုပါကျေးရွာရှိ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦး၏ နေအိမ်ခြံဝင်းအတွင်း အမျိုးသား(၁၀)ဦးခန့် ဝိုင်းဖွဲ့ကာ အရက်သေစာ သောက်စားနေသည်ကို တွေ့ရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထိုသို့ လူစုလူဝေးဖြင့် ဝိုင်းဖွဲ့ကာ အရက်သေစာ သောက်စားနေသဖြင့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က လူစုခွဲ နေထိုင်ရန် ပြောဆိုစဉ် အဆိုပါ အရက်ဝိုင်းတွင် သောက်စားနေသည့်

အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးက အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား အရက်ပုလင်းဖြင့် ပစ်ပေါက်ရာ ရာအိမ်မှူး၏ ဆိုင်ကယ်အား ထိမှန်၍ နောက်မီးခွက် ကွဲသွားခဲ့သည်ဟု ဆိုသည်။

ထို့နောက် အုပ်ချုပ်ရေးမှူးက ဖုန်းဖြင့် မှတ်တမ်းတင်ရိုက်ကူးစဉ် ၎င်းတို့အဖွဲ့က ဗီဒီယိုဖိုင်အား ဖျက်ပေးရန်နှင့် မဖျက်လျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ ဝိုင်းဝန်းထိုးကြိတ်သဖြင့်

အုပ်ချုပ်ရေးမှူး အပါအဝင် နှစ်ဦးတွင် ဖူးရောင် နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် စိုးရိမ်စရာ မရှိဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ လူစုလူဝေး မပြုလုပ်ရန် တားမြစ်သည်ကို လိုက်နာခြင်းမရှိဘဲ ပြန်လည်ရန်ပြုသည့် အရက်သေစာ ဝိုင်းဖွဲ့သောက်စားသူ အမျိုးသား(၁၀)ဦးကို ကျောက်ဆည် မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃/ ၃၂၃/၄၂၇/၅၀၆/၁၁၄

(တာဝန်ဆောင်ရွက်နေသော ပြည်သူ့ ဝန်ထမ်းအား ပြင်းထန် နာကျင်စေမှု၊ တုံးသော လက်နက်ဖြင့် သာမန်နာကျင်စေမှု၊ အကျိုးဖျက်ဆီးမှု၊ ခြိမ်းခြောက်မှု၊ အားပေးကူညီမှု) ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

စည်းကမ်းမလိုက်နာသဖြင့် အမှုဖွင့်ဖမ်းဆီးထားသည့် အမျိုးသားများသည် အရှေ့မြင်စိုင်းကျေးရွာသား အသက်၂၀ မှ ၅၅နှစ်ကြားရှိသူများ ဖြစ်ပြီး အိမ်ရှင်အပါအဝင် (၁၀)ဦးလုံးကို ဖမ်းဆီးအမှုဖွင့်ထားသည်ဟု ဆိုသည်။

“ထုတ်ပြန်ထားတဲ့ စည်းးကမ်း မလိုက်နာလို့ပေါ့။ ဆယ်ဦးလုံးပါလို့ ဖမ်းထားပါတယ်။ တစ်ယောက်ကတော့ အိမ်ရှင်ပေါ့” ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

ကျောက်ဆည်မြို့နယ်အတွင်း လူစုလူဝေးများ မပြုလုပ်ရန် ရဲတပ်ဖွဲ့အနေဖြင့် နေ့စဉ် လှည့်ကင်း ပတ်ကင်းများဖြင့် ဆောင်ရွက်နေပြီး ယခုဖြစ်စဉ်သည် ကျောက်ဆည်မြို့နယ်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး မန္တလေးတိုင်းအတွင်း လူစုလူဝေး မပြုလုပ်ရန် တိုင်းအစိုးရက ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။

ကျောက်ဆည်မြို့နယ် အရှေ့မြင်စိုင်းကျေးရွာတွင် ဝိုင်းဖွဲ့အရက်သောက်စားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဝိုင်းဝန်းထိုးကြိတ်မှုဖြင့် အမှုဖွင့် ဖမ်းဆီးခံရသူများ/ Photo – MoHA

Mandalay In-depth News

10K Shares

Leave a Reply

10K Shares
Share10K
Tweet